Sunday, September 29, 2013

ရှေး မြန်မာများလည်း ကုလား ရိုက်ခဲ့ကြသည်

မြန်မာနှင့် ဂေါ်ရင်ဂျီ ရိုက်ပွဲ အထိမ်းအမှတ် ရှစ်ဆယ်ပေါ် တေးထပ်


ဒွိ နှင့် နဝါ - ဒွါ ဧက ၊ ခါနွေသမယ - ကဆုန်ချိန် ။
ရတနာနွေလ - ပုဏ္ဏမိန်မှာ ၊ မှုန်တမှိန်မှိန် ကွယ်လုဆဲ ။
ဆယ့်လေးရက်နေ့ - နံနက် အကြုံတွင် ၊ ရန်စက်သူပုန် - မြို့လုံး ဆူလို့သဲ ။
(၁၂၉၂ ခု ၊ ကဆုန်လဆုတ် ၁၄ - ရက် / ၁၉၃၀ ခု ၊ မေလ ၂၅ - ရက် ၊ တနင်္ဂနွေနေ့)

မြန်မာများနှင့် ကုလားပြိုင်တယ် - တအားမြိုင်မြိုင် ထွက်ခွါကြဲ ။
ဓားတကိုင်ကိုင် လက်မှာ စွဲလို့ ၊ သက်ခန္ဓာအစဲ ခုတ်ပိုင်းချွေ ။
ဂေါ်ရင်ဂျီတွေ သောင်းထောင်မက ၊ အလောင်းကောင် ဗလပွ ရှုပ်ရှက်ခပ်ခါပွေ ။
သုံးရက်တိတိ အခင်းထွေတယ် - ခပင်းဗိုလ်ခြေ အသွား အလာ ကြပ်လို့ ။
စားအစာငတ် မကြုံတောင်း ကြုံခဲ့ပြန် ။
ဘုံပေါင်းဆုံတဲ့ ကံ ။
တိတ်ထူး နိမိတ်ထူး ပြလပ်ဖန်တယ် ၊ တ, ရ, သတ္ထန် ကပ်ဆိုးပေပေါ့လေး ။ 
မြင်ရသူတိုင်း ရင်သပ်ခါငယ် ၊ ဘဝင်ဓာတ်မှာ ကြောက်သွေးဖြာလို့လေး….။  

(၁၉၃၄ ခု ၊ ဇူလိုင်လထုတ် ၊ ကျိုက်လတ် ဆရာချစ်-၏ ကဗျသိင်္ဂီကျမ်း နှာ - ၄၅-မှ
မြန်မာနှင့် ဂေါ်ရင်ဂျီ ရိုက်ပွဲ အထိမ်းအမှတ် ရှစ်ဆယ်ပေါ် တေးထပ်)

ဘာရယ်မဟုတ်, ရှားပါးတယ်ထင်၍ ကူးယူဖော်ပြလိုက်သည်။
ကိုနော


Wednesday, September 11, 2013

ငါတို့ နှစ်ဦး



 
ငါတို့နှစ်ဦး
ည ညဆို
ထထကြွကြွ
တခုပ်တရ
လယ်ထဲ ရေသွယ်ခဲ့ကြတယ်
ငါနဲ့ အဖေနဲ့…။

အဖေက ငါ့ကို ရေသွင်း သင်ပေးတယ်
သင်ပေးတယ်လေ အားလုံး
သူတတ်သမျှ ပုံအောပြီးပေါ့…။

အစုံအလင် သင်ယူပြီး
ငါ ထွက်ခွာသွား
အဖေရောပဲလေ
မနေကြဘူး…။

ကာလရှည် ငိုချင်းတွေ ပိုကဲ
ငါတို့လည်း မျက်ရည်စိုရွှဲ…..
“ရေတွေ ရောက်လာတော့
ထွန်ယက် စိုက်ပျိုးနေတာ ဘယ်သူလဲ….။” တဲ့….။


ကိုနော
၁၈. ၀၈. ၂၀၁၃ ။


Sunday, September 8, 2013

ပန်း မခူးရ

ဖူးပွင့် ဝေဆာ
ပန်းမာလာကို
မြင်ရရုံသာ
ကျေနပ်ပါတော့........။

တကယ်လို့......
ရနံ့ အေးအေး
ကြူ ကြူ မွှေးဖို့
တမ်းတ ရင်မှာ
လိုချင်ပါမူ
ပင်မှ ကြွေလျ
မြေမှာ ခသား
ပန်းကြွေများသာ
ကောက်သွားပါလေ...
မိတ်ဆွေ.....
ကျေနပ်နိုင်ပါစေ........။

ကိုနော
၉. ၉. ၂၀၁၃


Thursday, September 5, 2013

အ - သုံးလုံး သင်ကြ



အင်ဂျင်နီယာ ဒေါက်တာ 

ပိုင်းလော့အပါ တရားသူကြီးလည်း မဖြစ်လိုပါ….။


ဘဝစာအုပ် ကိုယ့်ဇာတ်ထုပ်အတွက်

အဖတ် အရွတ် သင်မယ်…၊

ကိုယ့်ကံကြမ္မာ ကိုယ်ရေးမှာမို့

အရေး အချွတ် သင်မယ်…၊

တာဝန် အခွင့်အရေး စာရင်းပေးဖို့

အတွက် အချက် သင်မယ်….၊

စာမတတ် နေပေ့စေ….

ပညာတတ်ဖို့ လိုအပ်နေ….

ပီပီသသ လူဖြစ်စေ……..။


ကိုနော

20. 7. 2013