Thursday, January 16, 2014

သျာမပေါတ္ထကေ (၂)


" ပါချန်တေးသွား "


ညီအစ်ကိုချင်းပေမယ့်
သပ်သပ်ရပ်ရပ် ဖြစ်ဖို့
သတ်သတ်မှတ်မှတ် ရှိရမယ်လေ.....။

ဗမာနဲ့ ရှမ်း
ကိုယ့်လမ်း ကိုယ်သွား
ကိုယ့်ထမင်း ကိုယ်စားပြီး
ကိုယ့်စခန်း ကိုယ်နားသင့်ပေမယ့်
အခြေအနေ မပေးသမို့
အော် ငါ့မှာလည်း ရတက် မအေးနိုင်ပါဘူးကွယ်.....။

ကော့သောင်းနဲ့ ရနောင်း စည်းခြား
ပြတ်သားအောင် ရေးဆွဲထားတဲ့ ငါဟာ
ဒီနယ် တစ်ခွင်မှာ သမိုင်းဆရာကြီးပေါ့.....။
မင်းတို့ ပေးတဲ့ ဇာတ်လမ်းဟာ
ငါရေးမယ့် မှတ်တမ်းပါပဲကွယ်....။

ဟိုဘက်ကမ်းမှာ အရောင်တွေ လင်းလက်
ဒီဘက်ကမ်းမှာ အမှောင်တွေ တွင်းနက်....၊
ဟိုဘက်ခြမ်းက စိမ်းရောင်ဝေ
ဒီဘက်ခြမ်းက ထိပ်ပြောင်နေ...၊
ငါက နယ်ခြား မျဉ်းကောက်တစ်ကြောင်းပေါ့...။

ငါ့ကျောပေါ် ဘဝတွေ ပြောင်လက်
တချို့က မှောင်နက်လို့လေ....၊
အခုလည်း ကြည့်ပေါ့....
ဇာတ်ညွှန်းအသစ်နဲ့ ဇာတ်ထုပ်အဟောင်း
ကလို့မှ မပြီးနိုင်ကြ....။

ငါ့ရင်ခွင်ထက်
ဘဝတွေက လှိုင်းတွေဖြစ်
လှိုင်းတွေက ကျားတွေဖြစ်
တောတွေက လမ်းဖြစ်
လမ်းက ကမ္ဘာဖြစ်
ဖြစ်ချင်ရာ ဖြစ်ကြတော့လေ
နင်တို့ မလွတ်မြောက်သေးသရွေ့
ငါမသေဘူး...
လှဲလိုက်ဦးမယ်…….အေးဆေး....။ 

(ပါချန်မြစ်ဟူသည် ထိုင်းနိုင်ငံ ရနောင်းမြို့နှင့် မြန်မာနိုင်ငံ
ကော့သောင်းမြို့တို့ကို ခွဲခြားထားသော နယ်ခြားမြစ် ဖြစ်သည်။)

ကိုနော
၁၇. ၀၁. ၂၀၁၄



No comments:

Post a Comment