Sunday, December 15, 2013

အမြီး (သို့) ထားဝယ်



သတ္တဝါတစ်ကောင်ရဲ့အမြီးက
ကြည့်လို့ကောင်းရုံ, အပျင်းပြေလှုပ်ရုံကလွဲပြီး
ဘာများ အသုံးဝင်လို့လဲ…?
ဗမာလည်း မပီသ,
တိုင်းရင်းသားလည်း အမည်မရတဲ့
တနင်္သာရီဆိုတဲ့ အမြီးတစ်ချောင်း
မြန်မာပြည်မှာ ရှိလေရဲ့….။
ဒဝယ်, ပလော, ဘိတ်, ဘုတ်ပြင်း, ကော့သောင်း
ငါးမျိုးပေါင်းစပ်, အဲဒီအရပ်ပေါ့ဗျာ…။
အဲသမှာ….
ထားဝယ်, ထက်ဝယ်, ဓားဝယ်, ဓာတ်ဝဲ
အခေါ်ကွဲပြား, စကားလည်း ခြားတဲ့
ရေဖြူ, သရက်ချောင်း,
လောင်းလုံ အဝင်အပါ
မြို့ဒဝယ်က
အမြီး အရင်းပိုင်းပေါ့…။
အဲသမှာ….
မီးပုံးပျံဦးကျော်ရင်,
ဗိုလ်ဗထူး, ဝန်ကြီးချုပ်ဦးဗဆွေ,
တောဘုရင် ဗသိန်းတင်,
ပန်းချီဦးငွေကိုင်, ပန်းပုဦးဟန်တင်,
ထားဝယ်ကျော်မင်း,
ဃောသိတာရုံဆရာတော်,
ရွှေဝယ်အေး, မောင်သန်းဆွေ တို့
ကျော်ကုန်၏…။
အုပ်ချုပ်သူအဆက်ဆက် ရှော်ကုန်၏…။
သဘော မနော ကောင်းကုန်၏…။
ထောက်လှမ်းရေးများ တောင်းကုန်၏…။
ဒူးရင်း,ဒညင်း, မင်းကွတ်,မရမ်း,
ဓနိ,ရော်ဘာ,လယ်ယာ သစ်ဝါး
သားငါးပုစွန်လည်း ပေါကုန်၏….။
တရားဝင်သူခိုးကြီးများ ထောကုန်၏။
အနုပညာရှင်များကို မြှောက်စားကုန်၏…။
ဓမ္မကထိကများ အရောက် သွားကုန်၏..။
မြို့ဟောင်းအများ
ကျောင်းကန်,ဘုရားနှင့်
ဘာသာတရားလည်း တန်ဖိုးထား၏….။
အေ့ဒ်စ်ဝေဒနာရှင်များလည်း အမှန်တိုးပွါး၏။
အထူးပြုဆေးခန်း, ဆူပါမားကက်,
လိုအပ်ချက်များ စုံလင်၏…။
ပြည်သူ့ဆေးရုံကြီး၌ ခွေးများစည်ပင်၏။
ရှင်ကိုးရှင်နှင့် မောင်းမကန်လည်း သာယာ၏…။
ပေါ်တာဆွဲခြင်း, အနိုင်ကျင့်ခံရခြင်းများ အခါခါရှိ…။
လိုင်စင်မဲ့ဆိုင်ကယ်များ တဝေါဝေါသွားကြ၏…၊
ယာဉ်ထိန်ရဲများ တသောသောစားရ၏…။
နှစ်ကျိပ်ရှစ်ဆူဘုရားပွဲ,
ရှင်ဥပဂုတ်မျှောပွဲ, ဘုန်းကြီးပျံပွဲများ စည်ကား၏..။
တိုင်းမှူးအစဉ်ဆက် ကျီစား၏…။

လုံခြုံရေးတင်းကြပ်လိုက်ကတည်းက
မလုံခြုံတော့တာ အဲဒီမြို့လည်းပါသပေါ့…။
ဒဝယ်သား
ဒဝယ်သို့ သွားရချေအံ့…၊
၃၈၄-မိုင်ခရီး
အောင်မင်္ဂလာမှ စ၍ စီးခဲ့…၊
ယူနီဖောင်းဝတ် လက်ထောင်သမျှ
စပါယ်ယာ လက်ကမ်းရချေ၏…၊
ကျောင်းမနေရ ကလေးဈေးသည်
ပေါကြွယ်စွာ၏..။
မုတ္တမတံတား ခရီးနား၍ အိပ်ရချေ၏…၊
ဂိတ်များစွာက အာဏာပြသဖြင့်
မကြာခဏ တန်းစီရ၏….။
မွန်ပြည်အထွက်
တောင်အတက်`မလွှဲတောင်´လည်း
ဖြတ်ရချေ၏…၊
ကားတို့သည် မြေ၌သွားကုန်၏…၊
လမ်းကား မရှိချေ…။
ခရီးတစ်လျှောက်
ဓားပြမျိုးစုံ ဖူးပွင့်ကုန်၏…
တပ်မတော်ဓားပြ,
ငြိမ်းချမ်းရေးဓားပြ,
မွန်,ကရင် သူပုန်ဓားပြ,
နယ်စပ်ကလာတဲ့ လခစားဓားပြ,
မြို့နဲ့တောကြား လာလာသွားသွား
ဗိုလ်ကုလားဆိုတဲ့ဓားပြ,
ငတ်ရင်ထကြွ ရွာနေဓားပြ,
ဘုရားသာ တ, ကြလေကုန်လော့...။
တစ်ရက်ကျော်ကျော်
အပြင်းနှင်သော်ကား
သေလုမျောပါး ရောက်ရချေတော့သည်တမို့….။
အမေ့ကိုတွေ့တော့လည်း ဟုတ်တုတ်တုတ်….။
အမြီးကလေးက တဖုတ်ဖုတ်…..။
  
ကိုနော
                   

No comments:

Post a Comment