Saturday, January 7, 2012

ခြူသံ

`ညအခါ လသာသာ   
ကစားမလား နားမလား…?´
သာယာတဲ့ တေးသွား
မင်း ဆိုတာမို့ ပိုချိုသလား…?

ဆရာမကြီးရေ…
မြေဖြူခဲ, ဆွဲခြင်းငယ်,
ကလေးတွေရယ်
မင်းအိပ်မက်ဟုတ်ချင်မှ ဟုတ်မယ်…
ငါအိပ်မက်ကတော့ မင်းပါပဲ…၊

ဘဝတွေ ခြားနား
ဇာတ်ဆရာ ဘက်လိုက်လေသလားကွယ်….?
မင်းမှာတော့
လမ်းတွေ သွက်သွက်လျှောက်
အတန်းတွေ အဆက်ဆက်ရောက်ခဲ့ပေါ့…၊
ပညာထုံ ကြင်ယာစုံ
လူဗိုလ်လယ် ဂုဏ်တွေကြွယ်နေခဲ့….၊

ကိုယ့်မှာတော့
ဝါးတွေနဲ့…ဖားတွေနဲ့….
မျှားတွေနဲ့…..ငါးတွေနဲ့…
မြားတွေနဲ့….ကျားတွေနဲ့….
ဓားတွေနဲ့…နွားတွေနဲ့….
တောတွေ ချောက်(ဂျောက်)တွေ အနှံ့သွား
အမောတွေဖောက်တောင် မရပ်မနားပေါ့….၊
ဓနအခြေ ပါးပါး
ဘဝအနေ ခါးခါးမို့
ဗလတွေကိုသာ အားထားနေရတာပါ့…။

မင်း ကြားမိလား…?
ကျောင်းရှေ့ဖြတ်သွား
ငါ့နွားတွေရဲ့ ခြူသံ
ဆူညံရင် သည်းခံပါ….၊
မင်းတိုင်သံ နားစွင့်
လူအလစ်မှာ ဆိုမိတယ်….
`ညအခါ လသာသာ
ကစားမလား နားမလား…?´
သာယာတဲ့ တေးသွား
မင်း တိုင်သမို့ ပိုချိုတကား…။



No comments:

Post a Comment