Monday, August 26, 2013

ကျမ်းပြုဆရာကြီးနှင့် တွေ့ဆုံခြင်း

မေး/ရေး ကိုနော

တစ်နေ့သ၌ မြန်မာနိုင်ငံတွင် ပထမဆုံး ဟိန္ဒီမြန်မာ အဘိဓာန်ကျမ်းပြု ဆရာကြီး ဦးဉာဏ်ဇော်နှင့်
 တွေ့ဆုံခွင့်ရရှိခဲ့သည်။ (ခက်ခက်ခဲခဲ)

“မင်္ဂလာပါ ဆရာ”
“နမတ်(စ်)သေး”

“ဆရာ…ဆရာလို့ပဲ ခေါ်လိုက်မယ်နော်”
“ကောင်းပါတယ်….အဲဒီလို အခေါ်ခံရတာကို သဘောကျပါတယ်”

“ ဆရာ့ အဘိဓာန်က မြန်မာနိုင်ငံမှာ ပထမဆုံးလို့ ပြောတယ်နော်….အဲဒါ တကယ်ပဲလား”
“ဟုတ်ပါတယ်….အိန္ဒိယမှာတော့ တစ်အုပ်ထွက်ဖူးတယ်….ဆရာမောသီရိရေးတာ”

“ဆရာ့အဘိဓာန်က ဆရာမောသီရိအဘိဓာန်နဲ့ ဆက်စပ်မှု ရှိပါသလား”
“ဆရာမောသီရိအဘိဓာန်ကို မှီငြမ်းပြုပါတယ်….သူ့အဘိဓာန်က စာအုပ်ကြီးပြီး စကားလုံးနည်းတယ်…. လိုအပ်ချက်လေးတွေ အတော်များတယ်….ဒါကို အားမရလို့ ရေးရတာ”

“ဒါဆို ဆရာ့အဘိဓာန်က အမှားအယွင်း မရှိဘူးပေါ့နော်”
“ဆရာက ဆရာဆိုတော့ မှားတာပေါ့လေ…..ဒီလိုပဲ မှားနေကြတာပဲဟာကို”

“ဘာရည်ရွယ်ချက်နဲ့ ရေးတာပါလဲ ဆရာ”
“လက်ယားလို့ပါ”

“တခြားစာပေတွေ မရေးဘဲ ဘာကြောင့် ဒီအဘိဓာန်ကို ရေးရတာလဲ”
“ဒါပဲ တတ်လို့ပေါ့”

“ဘယ်သူတွေအတွက် ရေးတာပါလဲ”
“ပညာရှင်တွေအတွက်ပါ”

“ကျွန်တော်လည်း ဝယ်ရဦးမယ်……ဒါဆို ရှုံးမှာပေါ့နော်…..ဈေးကွက်ကရော ဆရာ”
“အုပ်ရေ(၁၀၀၀)လောက် ရောင်းပြီးပါပြီ”

“အံ့ရော…အံ့ရော….ပညာရှင်တွေကလည်း ပေါသားပဲ….ဘယ်လိုလူတွေ ဝယ်ကြပါလိမ့်”
“အိန္ဒိယရောက် မြန်မာစာသင်သားများ၊ ရန်ကုန် မန္တလေး ဗုဒ္ဓတက္ကသိုလ် သက္ကတစာသင်သားများနဲ့      ပညာတတ် ကုလားနည်းနည်းပါးပါးပါ ”

++ကျွန်တော်တို့ ဒီမှာ ခဏနားပါမယ်…..အခုချက်ခြင်း ပြန်လာခဲ့ပါ့မယ်+++
     x          x          x          x          x          x          x          x          x          x           x      

“ဘယ်လောက်ကြာအောင် ရေးခဲ့ရပါသလဲ”
“(၁)နှစ်တိတိ ကြာပါတယ်”

“ဒီလို ရေးဖြစ်ဖို့ ဘယ်အရာက တွန်းအားဖြစ်စေခဲ့ပါသလဲ”
“အရည်မရ အဖတ်မရတွေလို့ တဖွဖွပြောတဲ့ မိန်းမရဲ့စကားဟာ တကယ့်တွန်းအားပေါ့ကွယ်”

“ဒီစာအုပ်နဲ့ ပတ်သက်ပြီး အထူးကျေးဇူးတင်ရမယ့်သူ ရှိရင် ပြောပြပါ ဆရာ”
“အသစ်ကြီးမဟုတ်သော ချစ်ဇနီးချောပေါ့……နပ်မှန်အောင် ကျွေးထားလို့”

“ကျွန်တော်မေးတာလည်း အတော်စုံနေပြီ၊ ဒါနဲ့ စကားမစပ် ဆရာရယ် မိုးဟေကို ကို ဘယ်လိုမြင်ပါသလဲ ဆရာ”
“ကွင်းကွင်းကွက်ကွက်မို့ ရှင်းပါတယ်”

“သင်ဇာဝင့်ကျော်ကိုကော ဆရာ”
“လင်းလင်းလက်လက်မို့ ထင်းပါတယ်“

“ဒါဆို နန်းခင်ဇေယျာ ကျတော့ကော”
“အလှအပပြဖို့ ရဲပါတယ်”

“ဆရာ့မိန်းမကိုရော ဆရာ”
“ရွရွထလို့ အယ်…အယ်…ဘာတဲ့”

“လုပ်ပါ ဆရာရယ် တိုးလို့တန်းလန်းကြီး…..ရှေ့က ရဲဆိုတော့ ဘာများ ဖြစ်မလဲ”
“အင်း…..ဟင်း….ဟင်း…. ရွ  ရွ ထ လို့ ကဲ ပါ တယ်…..ဟူး….”

“တော်သေးတာပေါ့ ဆရာရယ်…..ကျွန်တော်က အခြားတစ်ခု ထင်ထားတာ”

++ ကျွန်တော်တို့ ဒီမှာ ခဏနားပါမယ်…..အခုချက်ခြင်း ပြန်လာခဲ့ပါ့မယ် +++

          x          x          x          x          x          x          x           x           x           x

“ဆရာ ပြောချင်ဆုံး စကားတစ်ခွန်းလောက် ပြောပေးပါ”
“သမ္မတ ဖြစ်ချင်တယ်”

“အယ် ဆရာကလည်း အဲဒါက အမေရိကန်ရောက်မှ ပြောရမှာ မဟုတ်လား”
“ဆရာ့ကို အမေရိကန်ခေါ်မယ့်သူမှ မရှိတာ…ဒီမှာပဲ ပြောရတော့တာပေါ့….မအောင့်နိုင်တော့ဘူးလေ”

“နောက်ဆုံးမေးခွန်းပါ…အခု လောလောဆယ်ဆယ်…..လုပ်ချင်ဆုံးအလုပ်က ဘာများ ဖြစ်မလဲ ဆရာ”
“လွှတ်တော်ထဲမှာ အချဉ်ထုပ် သွားရောင်းချင်ပါတယ်”

“ကောင်းလိုက်တာ ဆရာရယ်…..အခုလို မေးမြန်းခွင့်ရတာ ဂုဏ်ယူမိပါတယ်”
“အခုလို ပြောနေရတာကို သဘောကျပါတယ်”

ဘိုင့် ဘိုင်…..တာ့တာ…..။


ကိုနော
၂၂. ၀၈. ၂၀၁၃ ။


No comments:

Post a Comment