`ယောင်္ကျားဖြစ်လျက်
ဘယ်တော့မှ မျက်ရည် မကျစေနဲ့´တဲ့ ပြတ်သားတဲ့ အမေ့စကား
နှလုံးသားမှာ စူးဝင် အရူးအမူးပင် ကိုးကွယ်ခဲ့…၊
လောကဓံ ဘယ်လောက်ရိုင်းရိုင်း
အနိုင်နဲ့ ပိုင်းခဲ့သမျှ
အမေ့စကားဟာ, တကယ့်အားပေါ့…။
နွမ်းပါးမှုအခြေပြု ပုံသေတွက်ကိန်း…
မင်း ဘဝင်မအေးနိုင်တာ ငါ ဘယ်တေးနဲ့ချော့သိပ်ရပါ့…?
`ငါတို့ ချစ်လျက် ဝေးရမယ်´တဲ့….၊
ကိုယ် မဟန်တာ ကံကြမ္မာကို လွှဲချလို့ တော်ပါ့မလား…?
အဲသလိုအချိန်…
အလိုက်သိတဲ့မိုး
အုတ်အုတ်သဲသဲရွာသွန်း
ရေတွေ အိုင်ထွန်းလို့….။
ကိုယ့်ပါးပြင်မှာ စီးဆင်း…
မိုးစက်တွေလား…? မျက်ရည်လား…?
ကိုယ်ကလည်း ဝေဝါး
အမေတွေ့လည်း ထွေပြားနေမှာပါလေ….။
No comments:
Post a Comment