ကိုနောတို့ ကိုးကွယ်ဆည်းကပ်ခင်မင်ရသော ဘုန်းဘုန်းလေး အိမ်ကြွလာသည်၊ ဘုန်းဘုန်းလေးသည် ဓမ္မာစရိယ အောင်ထားသည့်အပြင် အိန္ဒိယနိုင်ငံမှ M.A ဘွဲ့ပါ ထပ်ရထားသော ပညာတတ်ရဟန်းတစ်ပါး ဖြစ်၍ ကိုနောတို့ ကိုးကွယ်ပါသည်၊ အနေအထိုင်ရိုးသားပြီး တော်တည့်မှန်ကန် ဖြောင့်မတ်သောကြောင့် ဆည်းကပ်ပါသည်၊ တစ်ခါတစ်လေ မျှော်လင့် မထားသော စကားဆန်းများ မိန့်တတ်သောကြောင့် ခင်မင်ရ ပါသည်။
ဘုန်းဘုန်း အင်တာနက်မှာ စာတွေ ရေးနေတယ်ဆို
တောင်ခြစ် မြောက်ခြစ်ပါလေ….
ဘာအတွက် ဘာတွေ ရေးနေတာလဲ ဘုရား
တောင်ရောက် မြောက်ရောက်ပါပဲ….ဘာအတွက်မှ မဟုတ်ဘူး….လက်ယားလို့ ရေးနေတာ….
ကလောင်က ဘာတဲ့လဲ ဘုရား
ကိုပိန်….
ဟာ…ဘုန်းဘုန်း ကလောင်ကြီးက မမိုက်လိုက်တာ…..သူများတွေဆို ကြည့်….ကလောင်တွေ ဘယ် လောက်လှလဲ… ဓမ္မစေတီ ဓမ္မဘေရီ ဓမ္မဒူတ ဓမ္မဂင်္ဂါ ဝီရသူ ရဝေနွယ် ကောင်းဆုဝေ ရွှေပါရမီ ရွှေဗျိုင်းနား သီတဂူကြယ်တစ်ပွင့် ကြာတစ်ပွင့် ဗောဓိတစ်ထောင် ပန်းတစ်ပွင့်တောင် မေတ္တာရှင် ဒယ်အိုး မောင်ချစ်ညို ကိုးဘွဲ့ရ သံဝေဂ အဲဒါတွေ အများကြီးပဲ…. လှတပတတွေချည်းပဲ
သူ့အကြောင်းနဲ့ သူပေါ့လေ….ဘုန်းဘုန်းကတော့ ပိန်ပိန်မို့ ကိုပိန်လို့ မှည့်လိုက်တာပဲ….ရှေးတုန်းက ဆရာ တော် ဦးကြယ် ဦးကြည် ဦးရန်ကုန် ခင်ကြီးပျော် စတာတွေ ရှိတယ်မဟုတ်လား….ဘုန်းဘုန်းက ငယ်သေး တော့ ဦး မတပ်ဘဲ ကို ထည့်လိုက်တာတစ်ခုပါ ရှေးနည်းပါပဲ…..
ကလောင်လှတော့ လူရှိန်တာပေါ့ ဘုရား….ပိန်တိုင်း ကိုပိန် မှည့်စရာလိုလို့လား ဘုရား…. သံဝေဂဆရာ တော် ဓာတ်ပုံ ကြည့်ပါလား…..ကလောင်ကသာ သံဝေဂ….ပြင်ထား ဆင်ထားတာ ဖိုးချစ် သာသာရယ် သူ့အကြောင်းနဲ့ သူ ဆိုနေပါမှ….ဒကာတော်က ခက်နေပါပြီ…..ကဲ ကြွလာရင်းကိစ္စကို ပြောရဦးမယ်….
မိန့်ပါဘုရား
စာအုပ်လေး တစ်အုပ် လုပ်ချင်လို့…..အဲဒါကို ဒကာကပဲ ဆောင်ရွက်ပေးပါ…..
မှန်ပါ…..ဘာစာအုပ်များပါလိမ့် ဘုရား
ဒီမှာ စာမူကြမ်း….ရော့….ဒါက မူရင်း.. ထားဝယ်က ဆရာကြီး ဦးကျော်ရှိန်ရဲ့ ကျမ်းစာ…. ဓမ္မပဒအဋ္ဌကထာနှင့် ရှင်ဗုဒ္ဓ ဃောသတဲ့…
ကျမ်းစာဆိုတော့ အတော်မြင့်မှာပဲ ဘုရား…..တပည့်တော်တို့ ဘယ် နားလည်ပါ့မလဲ
အချုပ်ကတော့ အများသိထားတဲ့ ဓမ္မပဒအဋ္ဌကထာကို ရှင်ဗုဒ္ဓဃောသရေးတယ်ဆိုတာ မဟုတ်ဘူး….လို့ ပြောချင်တာ အဲဒီအချက်ကို သုတေသနလုပ်ပြီး ရန်ကုန်တက္ကသိုလ်မှာ မဟာဝိဇ္ဇာဘွဲ့ယူခဲ့တာပေါ့….. အဲဒီတော့
အဲဒီတော့ ဒကာတော်က မူရင်းနဲ့ တိုက်ဆိုင်စစ်ဆေးပြီး စာအုပ်ဖြစ်အောင် လုပ်ပေးပါ….ကုန်ကျစရိတ်ကို ဘုန်းဘုန်းက ထုတ်ပေးမယ်….
ဆင်ဆာတို့ သာသနာရေးတို့ လိုသေးတယ် မဟုတ်လား
အဲဒါကိုပဲ ခိုင်းတာလေကွာ….
မှန်ပါ….မှန်ပါ…ဆင်ဆာဆိုတာက စာရေးဆရာရဲ့ မိစ္ဆာ၊ စာပေလောကရဲ့ ငရဲခန်းဆို ဘုရား… လွယ်ပါ့ မလား
ခုခေတ်မှာ အဲသလောက် မဆိုးတော့ပါဘူးလေ….လွှတ်တော်သတင်းတွေ မဖတ်ဘူးလား…..ထုတ်/တင်တို့ တင်/ ထုတ်တို့ ပေါ်နေပြီလေ…..
မှန်ပါ…ကြိုးစားကြည့်ပါ့မယ် ဘုရား
အေး…..လုပ်သင့်တာ လုပ်လိုက်….လက်ဆောင်ပေးစရာရှိရင် ပေးလိုက်….ကန်တော့စရာရှိရင် ကန်တော့ လိုက်…. စာအုပ်အမြန်ထွက်နိုင်ဖို့ အရေးကြီးတယ်….ဆရာကြီးက အသက်(၉၀)ကျော်နေပြီ ကြွဦးမယ်
မှန်ပါ ဘုရား

ကောင်းလင့်တေး မဖတ်ရတော့ဘူးမှတ်နေတာ အဟမ်း အဟမ်း
ReplyDelete